Tuesday, 22 September 2009

ဒီ နုတ်စ် BLOG လေး ပေါ်ပေါက်လာပုံ


ကျွန်တော်တို့ဟာ ၀ါသနာအလျောက် ဂစ်တာကို တီးကြပါတယ်။ ကီးဘုတ်တွေတီးကြပါတယ်..။
ဒီ့အတွက် အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင် .ရိုးရိုးသီချင်းစာအုပ် site တွေ၊ mp3 သီချင်း site တွေက ပလူပျံအောင် တွေ့ရှိခဲ့ရပေမဲ့လည်း သီချင်း နုတ်စ် တွေ တင်ထားတဲ့ site တွေ -အထူးသဖြင့် မြန်မာသီချင်း Notes တွေ တင်ထားတဲ့ blog မျိုး၊ site မျိုး တစ်ခုမှမတွေ့ရှိရပါဘူး။ နိုင်ငံခြားသီချင်း နုတ်စ်တွေ တင်ထားတဲ့ Blog-site တွေတော့ အမြောက်အများတွေ့ရှိရပါတယ်။

ဂီတပိုးမသေသေးတဲ့ သူငယ်ချင်းတွေအချင်းချင်းကြား အီးမေးတွေနဲ့နုတ်စ်တွေလိုက်တောင်းလိုက်-ရှယ်လိုက်.ပျောက်လိုက်၊ပြန်ရှာမရလိုက်နဲ့ကြာတော့ ဇာတ်လမ်းတွေရှုတ်လာပါတယ်။ နုတ်စ်တစ်ခုကို သူငယ်ချင်း ၄ ယောက်ရှိရင် ၄ ခါ လိုက် ပို့နေရတာလည်း မချောင်ဘူးဖြစ်လာပါတယ်။ တစ်ခါတစ်ရံ စပို့တဲ့သူက အဲဒီ့နုတ်စ် ပြန်လိုချင်တော့စက်ထဲပြန်ရှာမရဘူးဖြစ်ပြန်ပါသေးတယ်။

ဒီတော့ ကျွန်တော်တို့အနေနဲ့ အနှစ်နှစ်အလလက စုဆောင်းထားတဲ့ တန်းဖိုးရှိရှားပါး မြန်မာသီချင်း နုတ်ကလေး တွေ ကို ဖြစ်စေ၊ အင်တာနက်မှာလိုက်မွှေ့ရာက ရလာတဲ့နုတ်ကလေးတွေဖြစ်စေ။ကိုယ်တိုင် ထုတ်ထားတာဖြစ်စေ၊ သူငယ်ချင်းတွေလက်ဆင့်ကမ်းလာတာဖြစ်စေ၊ တစ်စုတစ်စည်းနဲ့ ဘလော့ဂ်လေး လုပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဒါမှ အလီလီအလာလာ ဒုက္ခများစရာ မလိုတော့ဘဲ တစ်နေရာထဲမှာ နုတ်စ် တွေစုတင်ထားပြီး လိုချင်တဲ့သူက သွားဒေါင်း။ ကိုယ့်ဖာသာကိုယ်လဲ ကြိုက်တဲ့အချိန်ပြန်ဒေါင်း လိုက် ယုံ ဘဲလေ။
နောက်တော့ အိုင်ဒီယာတစ်ခုဝင်လာတာက ကိုယ့်နုတ်စ်တွေ တင်ရင်း ရှယ်ယာလုပ်ရင်းသူများတွေဆီကပါ အလှူခံပြီး ပြန်တင်ပေးရင် ကိုယ်လည်းအကျိုးရှိ..သူများတွေလဲအကျိုးရှိ..ကုသိုလ်ရတယ်ဆိုတာပါဘဲ။

ဒီလိုနဲ့ ဒီ Notation BLOG လေး ကို မြန်မာဂီတ၀ါသနာတူ သူငယ်ချင်း များ စုပေါင်းပြီး စတင်ခဲ့ပါတယ်။


ကျွန်တော်တို့Blog ထဲမှာ နုတ်စ်တွေကတော့ အမယ် စုံ ပါတယ်။  တရုတ်နုတ် လို့ခေါ်တဲ့  အရှေ့တိုင်းနုတ် ( Oriental Notations ) တွေ၊ TAB နုတ်အချို့နဲ့ အချို့နုတ်တွေကိုတော့ Guitar Pro ဆော့ဖ်ဝဲယားနဲ့ ဖွင့် ရတဲ့ gp4/gp5 /gpx ဖိုင် extension ဖိုင်တွေကိုတင်ထားပေးပါတယ်။ Guitar Pro ဟာ သိပ်အသုံးဝင် သလို သီချင်းတစ်ပုဒ်ကို တူရိယာ ၁၀မျိုး ပေါင်းတီးထားရင် -Track ၁၀လိုင်း တီးထားရင် Guitar Pro ဖိုင်ဟာ Pucca Notation သာမက Tab-Notation ကိုပါ Track ၁၀ ခု ကို နုတ်စာရွက် (၁၀)ရွက် Print ထုတ်နိုင်ပါတယ်။ PDF ဖိုင်အဖြစ်လည်း နုတ်စာရွက်ကို Produce လုပ် လို့၇ပါတယ်။ ဒါကြောင့် ဂစ်တာပရိုဖိုင်ရထားတဲ့ သီချင်းကိုတော့ သီခြား PDF ဖိုင်ပြန်မထုတ်ပေးတော့ဘဲ.. သူ့ဖိုင်လေး အတိုင်းဘဲတင်ပါ့မယ်..။ ကိုယ့်ဖာသာကိုယ် နုတ်တွေကို Print ထုတ်ထုတ်- PDF ထုတ်ထုတ် ဆောင်ရွက် နိုင်ကြ မှာပါ။

အင်တာနက်ပေါ်မှာဒီ Blog လေး ဖွင့်လှစ်ခဲ့ခြင်းဟာ လာလည်သူ ဂီတပညာရှင်များဟာ သူတို့စုဆောင်းထားတဲ့.. ကိုယ်တိုင်ထုတ်ထားတဲ့ နုတ်စ်ကလေးတွေကိုဒီ Blog လေးကိုဝိုင်းဝန်းလှူဒါန်းကြပြီး၊ဒီ Blog လေး နုတ်စ်တွေနဲ့စည်ကား ကြ၊ ရှယ် ကြနဲ့ အရမ်းအကျိုးရှိမယ်လို့မျှော်လင့်ထားခဲ့တာပါ။ 

သီချင်းနုတ်စ်တွေ စုဆောင်းထားသူ၊ကိုယ်တိုင် ထုတ်ထားသူတွေရှိကြရင်..မြန်မာမိတ်ဆွေများ ကျွန်တော်တို့ Blog email လိပ်စာmyanmarmusicnotes@gmail.com သို့ပေးပို့လှူဒါန်းပေးကြပါခင်ဗျာ။ ဒီ Blog မှာအကုန်ပြန်တင်ပေးပါ့မယ်။

ဖြူစင်သော စေတနာ၊မေတ္တာသန့်သန့်လေးဖြင့် တည်ဆောက်ခဲ့သော ကုသိုလ်ဖြစ် BLOG လေး တစ်ခုသက်သက်သာဖြစ်ပြီး မည်သည့်ငွေကြေးလာဘ်လာဘ ၊ ဂုဏ် ထူး ဆောင်တံဆိပ်များ ရရှိလို၍ မဟုတ်ဘဲ အချိန်ကုန်၊ အင်တာနက်ခ ကုန်၊ ဇက်ကြောတက်၊ခါးညောင်း၊ ကျန်းမာရေးအထိခိုက်ခံပြီး နှစ်ပေါင်းများစွာလုပ်ခဲ့ခြင်းဖြစ်ပါတယ်။သီချင်းတစ်ပုဒ်ကို နုတ်ရေးရတာ အင်မတန်လက်ဝင်အချိန်ကုန်ကြောင့် မြန်မာဂီတပညာရှင်တွေ၊ ဂီတ၀ါသနာအိုးတွေအားလုံးသိကြပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ BLOG လေးသို့ ကိုယ်ပိုင် နုတ်စ်လေးများ ၀ိုင်းပို့၊ ၀ိုင်းရှယ်ပေးခြင်းအားဖြင့်ဝါသနာရှင်တွေအားလုံး သေချာပေါက် အရမ်းအဆင်ပြေ ပျော်ရွှင်သွား ကြမှာပါ။ သူတစ်ပါးကို စိတ်ချမ်းသာအောင် ပြည့်စုံသွားအောင် ဖြည့်ဆည်းပေးခြင်းအားဖြင့်ရရှိသော ပီတိ သောမနသ ၊ ကုသိုလ်တရားဟာ  မည်သည့်ဘာသာ မဆို ကောင်းချီးပေးပြီးသားပါ။

အဓိကအားဖြင့်တော့ မြန်မာတေးသီချင်းနုတ်(စ်)တွေ စုဆောင်းတင်ဆက်ထားချင်တာပါ။ သို့သော်..နိုင်ငံခြား နုတ်စ် တွေ ကို လည်းလှူလာရင် တင်ပါတယ်။

နောက်အရေးကြီးတာလေး တစ်ခုလည်း ကြိုတင်စကား ပလ္လင် မေတ္တာရပ်ခံ အပ်ပါတယ်။
ကျွန်တော်တို့ Blog ကိုဝင်ကြည့်လိုက်ရင် နှစ်များစွာ အပင်ပန်းခံ အချိန်ကုန်ခံ  လုပ်ထား ပေမဲ့
စေတနာ ဖြူဖြူ နဲ့ကုသိုလ်ဖြစ် Blog သက်သက်သာဖြစ်ပြီး၊ Commercial Blog တစ်ခုမဟုတ်ကြောင်း
မျက်မြင်သိရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။..ကျွန်တော်တို့ဟာ musicians များသက်သက်ဖြစ်ပြီးကွန်ပြူတာ သမားများမဟုတ်-နည်းပညာမကျွမ်းကျင်သလို- Blog web လုပ်တာ မကျွမ်းကျင်တာလည်းရိပ်မိမှာပါ။
နုတ်လင့်လေးတွေချည်းတင်ရင် ပျင်းစရာ  စက္ခူပဒါသ မဖြစ်မှာစိုးလို့ Google က တွေ့တဲ့ ဓါတ်ပုံလေး တွေကူး တင် ခဲ့တာ မူရင်း ဓါတ်ပုံရှင် က ကြိုက်-မကြိုက် လည်း မသိနိုင်ပါဘူး။ အကယ်၍ မကြိုက်လို့ ပြန်ဖြုတ်ချ စေချင်ရင် email နဲ့ ပို့ ပြောလိုက်ပါ။ ဖျက်ပေးပါမယ်။ နောက်ပြီး...ပုံနှိပ် နုတ်စ် စာအုပ်တွေ ဆိုလည်း တစ်အုပ်လုံး စာမျက်နှာကုန် စကန်တင်လို့ရပေမဲ့-မတင်ပါဘူး။  မေတ္တာရပ်ခံတဲ့ သီချင်းလောက်.. လူတီးများတဲ့သီချင်းလောက်နဲ့ stage Show တီးဝိုင်း အတီး များ တဲ့ နုတ်စာမျက်နှာလောက်ဘဲ အရေအတွက် နည်းနည်းပဲ တမင် ရွေးတင်ပါတယ်။ မူရင်း နုတ် စာအုပ်လေးကိုလည်း ကြော်ငြာပေးရာရောက်အောင်ပါ - တစ်အုပ်လုံးအပြည့် Full-book version လိုချင်ရင်တော့ ရန်ကုန်မှာ ပြန်ရှာဝယ်လိုက်ပါခင်ဗျာပေါ့ခင်ဗျာ...။ ( ဒီBlog လုပ်ရခြင်း မူလ ရည်ရွယ်ချက်ကို က အပျော်တမ်း ရပ်ကွက်ထဲ တီးဝိုင်း တီးရင်-ကောလိပ်ထဲ/တက္ကိုလ်ကျာင်း ထဲမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တီးကြရင်- သူငယ်ချင်း/အမျိုး မင်္ဂလာဆောင် မှာ အပျော် တီးဝိုင်း ထွက်ကြရင် ဘ၀တူ အပျော်တမ်း ဂီတသမားလေးတွေ နုတ်ရှာရတာ ခဲယဉ်းမှာစိုးလို့ ကုသိုလ်ဖြစ် Blog ထောင်ထားပြီး နုတ်ရြှဲခင်း သက်သက် ရယ် ပါ။ စီးပွားဖြစ်/စီးပွားဖျက် Blog မဟုတ်ပါ။ ) 

အဓိကဆိုလိုချင်တာကတော့ ၀ါသနာ-စေတနာ-မေတ္တာ နဲ့ အခမဲ့ Blog လေးဖြစ်ပေမဲ့ - မူရင်းပိုင်ရှင် များက ဖျက်ချ၊ဖြုတ်ချပေးစေချင်တဲ့ Notes များ၊ စာအုပ်၊ ဓါတ်ပုံလေးများ ရှိပါက ကျိုးကြောင်းလေး ဖေါ်ပြပြီး email နဲ့ အချိန်မရွေးဖျက် ခိုင်းပါလို့ပါခင်ဗျာ......။

etiquette & ethics  ဆိုတာ ပညာတတ်တွေ ဖြစ်တဲ့ ယဉ်ကျေးတဲ့ မြန်မာလူမျိုးတွေဖြစ်တဲ့ ကျွှန်တော်တို့နှလုံးသွင်းထားရမှာပါ။.


ကျေးဇူးတင်စွာဖြင့်

သူငယ်ချင်းတို့ရဲ့....မြန်မာတေးသီချင်းနုတ်သင်္ကေတများအဖွဲ့

22 comments:

  1. တစ်စိုက်မတ်မတ်နဲ့  တင်သွားမယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိပါဘူးဗျာ...
    အားပေးနေပါတယ် :)

    ReplyDelete
  2. င်္Feedback ကလေး ပေးလို့ကျေးဇူးတင်ပါတယ်။
    ပုံမှန်တင်နိုင်ရေးက နုတ်စ်တွေလှူပေးပို့ပေးတဲ့အပေါ်မှာလည်းမူတည်နေတော့ ကာ မြန်မာဂီတပညာရှင်များအနေနဲ့ နုတ်စ်အလှူပေးပို့ရေးအတွက်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။

    B.Team

    ReplyDelete
  3. ကောင်းပါတယ် ကျနော်လည်း ၀ါသနာရှင် တဦးအနေနဲ့ စုဆောင်းထားတဲ့ နုတ်တွေ ပို့ပေးပါ့မယ်...
    သည်ဘလော့လေး အောင်မြင်ပါစေ ကျေးဇူးတင်ပါတယ်...

    ATN
    aungthange.blogspot.com

    ReplyDelete
  4. တကယ့်ကို ကျေးဇူးတင်ပါတယ်
    ဘယ်မှာမှ ရှာမရတဲ့ သီချင်းတွေပါပဲ
    စေတနာများအတွက် ကျေးဇူးအထူးပါ

    ReplyDelete
  5. တကယ့် စေတနာ အစစ်အမှန် ပါ ဗျာ ဒီ blog လေး ဖြစ် လာ အောင် ဦးဆောင် ခဲ့  တယ့်  admin များ ကို အမြဲ လေးစား လျက်

    ReplyDelete
  6. notes တွေဒေါင်းပြီးရင်မမြင်ရဘူးဖြစ်နေလို.ကူညီကြပါဦး

    ReplyDelete
  7. မည်သည်.soft ware လိုအပ်သည်ကိုညွန်ကြားပေးပါဗျာ

    ReplyDelete
  8. ကဲ admin တွေရေ update လည်း မလုပ်တာကြာနေပြီ။ ဆိုဒ်လုပ်ထားပြီးလှည့်မကြည့်ကြတော့တာလား။ တကယ်လို့များ ဆက်လုပ်နေဆဲဆိုရင် ကျွန်တော်ရေးထားတဲ့ နုတ် ၂ပုဒ် ၃ပုဒ်လောက်ရှယ်ချင်လို့ပါ။

    ReplyDelete
    Replies
    1. ပြန်လုပ်နေပါတယ် ကိုတုန်တုန်၊ ပို့သာပို့ပါ၊ချက်ချင်းတင်ပါမယ်။ မအားလွန်းလို့ပျောက်နေတာပါ။

      Delete
  9. thanX par bro share lite p nar

    ReplyDelete
  10. စိတ်ကူးအရမ်းလန်းတယ်ဗျာ.. ကျေးဇူးပါပဲ့...

    ReplyDelete
  11. လေးစားပါတယ် အားပေးနေပါတယ်... အမြဲတမ်း ၀င်ကြည့်ဖြစ်တဲ့ ဆိုဒ်ထဲမှာ ဒီဆိုဒ်ကလေးလည်းပါတယ်......:)

    ReplyDelete
    Replies
    1. Now, the blog revive again with new updates

      Delete
  12. ကျေးဇူးတင်ပါတယ်ဗျာ
    Admin များ ကျေးဇူးပါပဲ့...

    ReplyDelete
    Replies
    1. Huge Welcome ! If you or your friends have any new Myanmar Notations, please kindly send to our email and we will happily upload them with credit-mentioning.

      Happy New Year !

      Delete
  13. သိပ်ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော်က ရစ်သမ်ပဲ နည်းနည်း တီးတတ်တဲ့ ရိုးရိုး ၀ါသနာရှင်ပါ။ ကိုယ်သိပ်တီးချင်တဲ့ သီချင်းကို အခုလို နုတ်တွေ ကော့ဒ်တွေ အလွယ်တကူရပြီး တီးလိုက်ဆိုလိုက်ရတာ ရည်းစားဆီက အဖြေရသလို စိတ်ထဲ သိပ်ကျေနပ်သွားတာပဲ။ ကျနော်တို့လို ရိုးရိုး ၀ါသနာရှင်တွေ ဆန္ဒပြည့်အောင် ဖြည့်ဆည်းပေးတဲ့ ဒီဆိုဒ်က Admin များ၊ နုတ်တွေလှူသူများ အားလုံးကို သာဓုခေါ်ပါတယ်ဗျာ။ ကျေးဇူးလည်း အလွန်တင်ပါတယ်။

    ReplyDelete
  14. အရမ်း တောင်းဆိုတယ်လို့ မထင်ပါနဲ့ခင်ဗျာ။ ဖြစ်နိုင်ရင် ထူးအိမ်သင်ရဲ့ " အပေါင်းတစ်"၊ "ကံမဆုံနိုင်"၊ "သံယောဇဉ် သံသရာ" တို့နဲ့ ခင်မောင်တိုးရဲ့ "အခါလည်းနှောင်း ခဲ့ပြီ " တို့ကို တင်ပေးစေချင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ReplyDelete
  15. အရမ်းကြိုက်တယ်ဗျာ ကျေးဇူးအရမ်းတင်တယ်

    ReplyDelete
  16. thank you ပါ...ဒီ blog လေး ထာဝရရှင်သန်နိုင်ပါစေ ^_^

    ReplyDelete
  17. May God Bless u all

    ReplyDelete
  18. Enter your comment...Good idea! Thank a lot !

    ReplyDelete
  19. ကျေးဇူးအနန္တပါဗျာ

    ReplyDelete